
သြဂုတ်လ (၂၆)၊ ၂၀၁၅ ခု။
ဗမာ့တိုင်း(မ)စ်။ ။လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းကို ပြည်သူ့လွှတ်တော်က ဆုံးဖြတ်ပြီး အတည်ပြုပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ စာရေးတောင်းဆိုခဲ့မှုအပေါ် ယင်းဥပဒေအား လွှတ်တော်အတွင်း ဆက် လက် ဆွေးနွေးမှုကို ဆိုင်းငံ့ရန် အဆိုတစ်ရပ် ယခုလ (၂၀) ရက်နေ့တွင် မဲခွဲဆုံဖြတ်ခဲ့ရာ အများစုက ထောက်ခံသဖြင့် ယင်းဆွေးနွေးမှု ကို ဆက်မလုပ်ဘဲ ဆိုင်းငံ့လိုက်သည်ဟု လွှတ်တော်နာယက သူရ ဦးရွှေမန်းကကြေညာလိုက်သည်။
ပြည်သူ့လွှတ်တော်တွင် ကိုယ်စားလှယ်ပေါင်း ၆၃၂ ဦး ရှိသည်အနက် ထိုနေ့က လွှတ်တော်အစည်းအဝေးသို့ တက်ရောက်ခဲ့သူပေါင်း ၅၂၄ ဦးရှိပြီး ယင်းကဲ့သို့ မဲခွဲဆုံးဖြတ်ရာတွင် စက်ခလုတ်နှိပ်ပြီး လျှို့ဝှက် ဆန္ဒမဲပေးသည့် စနစ်ကိုကျင့်သုံးခဲ့ရာ ရရှိသော မဲအရေအ တွက်မှာ ထောက်ခံမဲ ၂၆၄ မဲ၊ ကန့်ကွက်မဲ ၂၃၅ မဲနှင့် ကြားနေမဲ ၁၂ မဲ အသီးသီးဖြစ်သည်။
အဆိုပါ ဥပဒေမူကြမ်းတွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ တာဝန်ကို ပြန်လည်ရုပ်သိမ်းရန် ယင်းကိုယ်စားလှယ်အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၉၆(က)ပါ ပြဌာန်းချက် (၅) ရပ်အနက် တစ်ရပ်ရပ်ကို ချိုးဖောက်ကြောင်း ယင်း၏မဲဆန္ဒနယ်မှ ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားရမည့် မဲဆန္ဒရှင် အရေအတွက်မှာ (၁) ရာခိုင်နှုန်း ဖြစ်သည်ဟု သတ်မှတ်ထားသည်အပေါ် ကြီး မားသည့် သဘောမတူညီမှုများ ရှိနေသည်။
သူရဦးရွှေမန်းကို အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌရာထူးမှ အာဏာသုံး ဖြုတ်ချခဲ့ပြီး ရက်ပိုင်းအတွင်း ယခုကဲ့သို့ လွှတ်တော်ကိုယ်စား လှယ်တာဝန်မှ ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို အရေးကြီး အတည်ပြုပြဌာန်းပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးမှ စာရေးတောင်းဆိုလာခဲ့သည်ဖြစ်ရာ ထိုကဲ့သို့ ပြဌာန်းခိုင်းခြင်းသည် သူရဦးရွှေမန်းကို လွှတ်တော်အထဲမှ ဖြုတ်ချရန် ရည် ရွယ်ခြင်းဖြစ်နိုင်ကြောင်း လွှတ်တော်နိုင်ငံရေးကို လေ့လာသူများက သံသယရှိကြသည်။
ယခုနည်းအတိုင်း လွှတ်တော်ကိုယ်စားလှယ်တာဝန် ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းအပေါ် ဆက်လက်ဆွေးနွေးသင့်၊ မသင့် ကို တပ်မတော်သားကိုယ်စားလှယ် (၁) ဦး၊ ကြံ့ခိုင်ရေးပါတီ၊ အန်အယ်လ်ဒီ၊ အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီနှင့် တိုင်းရင်းသား ကိုယ်စားလှယ်များ စုစုပေါင်း (၁၅) ဦးက ဆွေးနွေးပြီးနောက် မဲခွဲဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
ယင်းကဲ့သို့ ဆွေးနွေးရာတွင် တပ်မတော်ကိုယ်စားလှယ်၊ ကြံခိုင်ရေးကိုယ်စားလှယ်နှင့် အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ ကိုယ်စား လှယ်တို့က ထိုဥပဒေကို အမြန်ဆုံး ပြဌာန်းပေးသင့်ကြောင်း ဆွေးနွေးခဲ့ပြီး NLD၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် ကြံ့ခိုင်ရေး အ မတ်အချို့က တာဝန်ကို ပြန်လည် ရုပ်သိမ်းခွင့်ပေးထားသော မဲဆန္ဒရှင် တစ်ရာခိုင်နှုန်းဟူသည့် သတ်မှတ်ချက်ကို ပြင်ဆင်ရန် ဆွေးနွေး ခဲ့ကြသည်ဟု သိရသည်။
ထူးဆန်းသည်မှာ ယင်းကဲ့သို့ ဆွေးနွေးခဲ့ကြပြီး မဲခွဲရာတွင် ထောက်ခံမှုအများစု ရရှိလာခြင်းဖြစ်သည်။ ယင်းကိစ္စနှင့်စပ်လျဉ်း၍ ရှမ်းပြည် နယ်၊ သီပေါ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက “ကန့်ကွက်မဲက ၂၃၅ မဲ ဆိုတော့ ကန့်ကွက်မဲထဲမှာ တပ်မတော်သား၊ တိုင်းရင်းသား ကိုယ်စားလှယ် တချို့နဲ့ ကြံ့ခိုင်ရေးဘက်က ၇၀ လောက် ပါနိုင်တယ်။ NDF ကလည်း အမြန်ဆုံး ပြဌာန်းပေးဖို့ ထုတ်ပြန် ချက် ထုတ်ထားတယ်ဆိုတော့ သူတို့တွေလည်း ထောက်ခံမဲမှာ ပါနိုင်ခြေရှိတယ်၊ ထောက်ခံမဲ ၂၆၄ မဲ မှာဆိုရင် အန်အယ်ဒီနဲ့ တိုင်းရင်း သား ၁၀၀ နီးပါးလောက် မဲပေးမယ်ဆိုရင်တောင် ကြံ့ခိုင်ရေး အများစုပေးတာလို့ ခန့်မှန်းလို့ ရတယ်” ဟု ရှင်းပြခဲ့ကြောင်း သိရသည်။
သေချာမှာ ယခု မဲခွဲဆုံးဖြတ်မှု၏ ရလဒ်ကို ကြည့်မည်ဆိုပါက သူရဦးရွှေမန်းနှင့် သမ္မတ ဦးသိန်းစိန်၏ အားပြိုင်လွန်းဆွဲမှုကြီးတွင် ကြံ့ ခိုင်ရေးပါတီအတွင်း အလွန်းကြီးမားသည့် အကွဲအပြဲများရှိနေသေးပြီး ဦးရွှေမန်းကိုထောက်ခံသူ မြောက်များစွာ ရှိနေသောကြောင့် ယခု ကဲ့သို့ လွှတ်တော်တွင် သူရဦးရွှေမန်းက အသာစီး ပြန်ရနေခြင်းဖြစ်သည်။
ထို့ပြင် ကြံ့ခိုင်ရေးပါတီ အမတ်အချို့က ရေဘေးကူညီရေးကို အကြောင်းပြပြီး လွှတ်တော်ကိုရပ်နားပေးရန် အဆိုတင်သွင်းခဲ့သည်မှာ လည်း ဦးရွှေမန်း၏ နိုင်ငံရေးခွင်ဖြစ်သော ပြည်သူ့လွှတ်တော်ကို အသံတိတ်သွားစေရန် သမ္မတ ဦးသိန်းစိန်ကို ထောက်ခံသည့်အုပ်စု ၏ နိုင်ငံရေး ဆင်ကွက်တစ်ခုဖြစ်နိုင်သည်ဟု ယူဆနေသူများရှိသည်။ သို့သော် ဦးရွှေမန်းက မိမိ၏လုပ်ပိုင်ခွင့် ဘောင်အတွင်းမှ ၎င်းဦးစီး သည့် ပြည်သူ့လွှတ်တော်ကို မရပ်ဆိုင်းဘဲ နေခဲ့သည်။
“လွှတ်တော်ထဲမှာ ပါတီ (၁၈) ခုရှိတယ်။ အဲဒီထဲက အများစုက သူ့ကို (ဦးရွှေမန်း) သဘောကျတယ်။ သူက လူတိုင်းကို မျှမျှတတ၊ ပွင့်ပွင့် လင်းလင်း ဆက်ဆံတဲ့အတွက် အများစုက သဘောကျတယ်။ ဘယ်လမ်းကို သွားမလဲဆိုတာကို ကျနော်တို့ စဉ်းစားရတော့မယ်။ လမ်း ဟောင်းတွေအတိုင်း ပြန်သွားမလား၊ လမ်းသစ်သွားမလားပေါ့။ ဦးရွှေမန်းက တိုင်းပြည်နဲ့ ပါတီအ တွက် ဒီမိုကရေစီလမ်းသစ်တခုကို ထူထောင်တဲ့အတွက် ရာထူးက ဖယ်ရှားခံရတာလို့ ကျနော်တို့ ထင်ပါတယ်။ ကျနော်တို့ အတွက်ကတော့ နောက်ဘာဖြစ်လာမယ်ဆို တာကို မသိနိုင်တဲ့အတွက် ဘာလုပ်ရမှန်း မသိဘူး” ဟု တနသာင်္ရီတိုင်း ရေဖြူ မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦးက ဆိုသည်ဟု ဧရာဝတီသတင်းတစ်ခုတွင် ဖော်ပြထားသည်။
Filed under: သတင်းများ
