အစ္စလာမ်သာသနာ၏ မဏ္ဍိုင်ကြီး(၅)ခုတွင် “ဆွီယာမ်”ခေါ် ဥပုသ်သီတင်း ဆောက်တည်ခြင်းသည်လည်းတစ်ခုအပါအ၀င်ဖြစ်တယ်။ မွတ်စ်လင်မ်တို့သည်နှစ်စဉ်နှင့်အမျှ “ရမဒွါန် ”လမြတ် တွင် တစ်လတိတိ ဥပုသ်သီတင်းဆောက်တည်ကြတယ်။
-
တစ်လတိတိဥပုသ်သီတင်း ဆောက်တည်ပြီးသည့်နောက် ရှောင်ဝါလ်လဆန်း (၁) ရက်နေ့တွင် “အီဒုလ်ဖိသ်ွရ်”ပွဲတော်ကြီးကို တပျော်တပါး ဆင်ယင် ကျင်းပကြတယ်။ယေဘုယျ အားဖြင့် သာသနာတိုင်းလိုလိုမှာပင် ဥပုသ်သီတင်း ဆောက်တည်ရန် အမိန့်များပါရှိပေတယ်။ နေ့ကြီး ရက်ကြီးများ ကိုလည်း တွေ့ရှိရပေတယ်။
-
ဒီတော့ ယနေ့ညဥ့်အဖို့ “ရမဒွါန်”လ၏ ထွတ်မြတ်သည့် အကြောင်း၊ “ဆွီယာမ်”ဥပုသ်သီတင်း ဆောက်တည်ရသည့် အကြောင်း၊ ဥပုသ်သီတင်းဆောက်တည်ရာတွင် ကျင့်ရ၊ ကြဉ်ရ သည့်တရားများနှင့် “အီဒုလ်ဖိသ်ွရ်”ပွဲတော်အကြောင်းကို အနည်းငယ် ရှင်းပြလိုပါတယ်။
-
၁။ “ရမသွာန်”လဟာ အစ္စလာမ်သာသနာ့လများတွင် န၀မ လဖြစ် ပါတယ်။ အလွန်မွန်မြတ်တဲ့လဖြစ်ပါတယ်။ မင်္ဂလာအပေါင်း နှင့်လည်း ပြည့်စုံ ပါတယ်။ မွတ်စ်လင်မ်တို့သည် ဤလကို အထူး လေးစားကြတယ်။
-
“ရမဒွါန်”လမြတ်ရောက်လာသည့်အခါ – “ဂျန္နသ်”ဥယျာဉ်မြတ်၏ တံခါးတွေကို ဖွင့်ထားလိုက်သည်။ “ဂျဟန္နမ်” ငရဲ၏ တံခါးတွေကို ပိတ်ထားလိုက်သည်။ “ရှိုင်သွာန် ”တွေကို လည်းချုပ်နှောင်ထားလိုက်သည်။ (ဟဒီးဆ်)
-
ရမဒွါန်လမြတ်၌ပင်ကုရ်အာန်ကျမ်းမြတ်ကျရောက်လာတယ်။ (ကုရ်အာန် ၂း ၁၈၅)
-
လပေါင်းတစ်ထောင်ထက်မြက်သော “ကဒရ်”ညဥ့်ဟာလည်း ဒီလအတွင်း မှာပဲရှိတယ်။ အလ္လာဟ်အရှင်မြတ်သည် ဒီလအတွင်းမှာ ကရုဏာ တရား များကို အထူးပွားများတော်မူတယ်။
-
ဒီလမြတ်၏ ပထမပိုင်းဟာ “ကရုဏာ” ဖြစ်တယ်။ အလယ်ပိုင်းဟာ“လွတ်ငြိမ်းချမ်းသာခြင်း”ဖြစ်တယ်။နောက်ပိုင်းဟာ “ ငရဲမီးဘေးမှ ကင်းဝေးခြင်း ” ဖြစ်တယ်။ (ဟဒီးဆ်)
-
၂။ဒီလိုမင်္ဂလာရှိတဲ့ရမသွာန်လမြတ်မှာပဲ ဆွီယာမ်ဥပုသ်သီတင်းဆောက် တည် ရန် အလ္လာဟ်အရှင်မြတ်က ဤသို့အမိန့်တော်ထားရှိတော်မူတယ်။
-
အို – မုအ်မင်န်ယုံကြည်သူအပေါင်းတို့၊ အသင်တို့အလျင်ရှိခဲ့ကြသော သူများအပေါ်၌ ဆွီယာမ်ဥပုသ် သီတင်း ဆောက်တည်ရန် အမိန့်တော်မြတ် အတည် ရေးမှတ် ထား တော်မူ သကဲ့ သို့ အသင်တို့အပေါ်၌လည်းဥပုသ်သီတင်း ဆောက်တည်ရန်အမိန့်တော်မြတ်အတည်ရေးမှတ်တော်မူချေပြီ။ သို့မှသာလျှင် အသင်တို့သည်ပါပညစ်ကျူး မကောင်းမှုများကို ကြဉ်ရှောင်သော မွတ်သကီန်သူတော်စင်များဖြစ်ကြပေမည်။
(ကုရ်အာန် ၂း ၁၈၃)
-
ကုရ်အာန်ကျမ်းလာ ဤမုက္ခပါဌ်တော်ကိုထောက်ရှုခြင်းအားဖြင့် ဥပုသ်ဆောက်တည်ခြင်း၏ အဓိကရည်ရွယ်ချက်မှာ သူတော်စင် ဖြစ် ရေးပင်ဖြစ်တယ်။ ဒါကြောင့်မို့လို့ကျမ်းတတ်ပါ ရဂူများ က “ဆွီယာမ်” ဥပုသ် သီတင်းဆောက်တည်ခြင်းဟာ ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးလုံးဖြင့် ခြောက်ပြစ်ကင်း သဲလဲစင် တကယ့် လူသူတော်ကောင်း ဖြစ်အောင် လက်တွေ့သင်တန်း တက်ခြင်းပင်ဖြစ်တယ်လို့ဆိုကြတယ်။
-
“ဆွိယာမ်”၏မူရင်းအဓိပ္ပာယ်က ချုပ်တီးခြင်း၊ တားဆီးခြင်း၊ စောင့်စည်းခြင်း လို့ရတယ်။ အစ္စလာမ်သာသနာ၏ ပဋိပတ်ကျင့်စဉ် အရ ကတော့ နံနက် မိုးမလင်းမီ အချိန်မှစ၍ ညနေနေ ၀င်သည့် အချိန် အထိ စားခြင်း၊ သောက်ခြင်း၊ မေထုန်သံဝါသပြုခြင်းတို့မှ ကြဉ်ရှောင် ခြင်းကို ဆိုလိုတယ်။
-
၃။ “ရမဒွါန်”လမြတ်တွင် ကျင့်ရန်၊ ကြဉ်ရန်တရားတွေက ဘာတွေလဲ။ အနည်းငယ် ရှင်းပြလိုပါတယ်။
-
(က) မွတ်စ်လင်မ်တို့သည် အခြားလများတွင် နေ့စဉ်ငါးကြိမ်သာဝတ်ပြု ရသော်လည်း “ရမဒွါန်”လမြတ်တွင် တမန်တော်မြတ် မုဟမ္မဒ် (ဆွ)၏ သြ၀ါဒနှင့်အညီ “ဆွလာသုလ်သရာဝီဟ်” ၀တ်ပြု ကြတယ်။ ဒီလ နောက်ဆုံး (၁၀) ရက်တွင် ဗလီဝတ်ကျောင်းတော် များ၌ တစ်ဦးတည်း ဆိတ်ငြိမ်စွာ နေထိုင်၍ တရားအားထုတ်ကြရ တယ်။ ဒီကဲ့သို့ တရား အားထုတ်ရခြင်းကို “အိအ်သိကာဖ်” လို့ ခေါ်တယ်။ မွတ်စ်လင်မ် တို့သည် ဒီလမြတ်တွင် ကုရ်အာန်ကျမ်း တော်မြတ်ကို စ-လယ်-ဆုံး ကြားနာကြရတယ်။ လပေါင်းတစ် ထောင်ထက်မြတ် သော “ကဒရ်” ညဥ့်တွင် တစ်ညဥ့်လုံးလိုလိုပင် တရားအားထုတ်ရတယ်။
-
“ရမဒွါန်”လသည် ခန္တီတရားထားရသည့်လဖြစ်တယ်။ ခန္တီတရား၏အကျိုးဟာဂျန္နသ်ဥယျာဉ်မြတ်သာဖြစ်တယ်။ ပြီးတော့ ဒီလဟာ ကိုယ်ချင်းစာနာရမယ့် လ လည်း ဖြစ်တယ်။
(ဟဒီးဆ်)
-
ဒါကြောင့်မွတ်စ်လင်မ်တွေဟာ “ရမဒွါန်”လတွင် အစစ အရာရာ၌ လည်း သည်းခံကြရတယ်။ စာနာခြင်းတရားထားကြရတယ်။
-
(ခ)ဥပုသ်သီတင်း ဆောက်တည်သောအခါ၌ ဖရုသ၀ါစာ ကြမ်းကြုတ် သော စကားမပြောရဘူး။ သူတစ်ပါးအား ကုန်းမချောရဘူး။ ခိုက်ရန်ဒေါသမဖြစ်ပွားရဘူး။ မစားသုံးအပ်သော အရာ ကို မစား ရဘူး။ မကြည့်သင့်သောအရာမကြည့်ရဘူး။ မုသား မပြောရဘူး။ မလိမ်ရဘူး။
-
အကြင်သူတစ်ဦးသည် မုသားပြောခြင်းနှင့်မကောင်းမှု ပြုလုပ်ခြင်းကို မစွန့်လွှတ်လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူ၏ အစားအသောက် ရှောင်ခြင်းကို အလိုတော် မရှိချေ။
(ဟဒီးဆ်)
-
“ဆွီယာမ်ဥပုသ်သီတင်းဆောက်တည်ခြင်းသည်ဒိုင်းနှင့် သဏ္ဍာန်တူသည်”ဟု တမန်တော်မြတ် မိန့်ကြားတော်မူခဲ့တယ်။
(ဟဒီးဆ်)
-
ဆိုလိုရင်းသဘောက ဒိုင်းသည် ရန်သူ၏ ဘေးရန် အပေါင်းကို ကာကွယ်သကဲ့သို့ဥပုသ်ဆောက်တည်ခြင်းသည်လည်းဒုစရိုက်အပေါင်းကို ကာကွယ်ပေးတယ်။ အချုပ်ပြောရလျှင် ဥပုသ်ဆောက် တည်သောသူသည် ကိုယ်နှုတ်နှလုံးသုံးပါးလုံးဖြင့် မည်သည့် မကောင်းမှုကိုမျှ မကျူး လွန်ရဘူး။
-
ယခုအစီရင်ခံခဲ့တဲ့အတိုင်း“ရမဒွါန်”လသည်အချိန်ကာလလည်း
ကောင်းမြတ်ပေတယ်။ မင်္ဂလာအပေါင်းနှင့်လည်း ပြည့်စုံပေတယ်။ ဒီလို မင်္ဂလာအပေါင်းနှင့်ပြည့်စုံတဲ့လမှာ-
အကြင်သူတွေဟာဥပုသ်သီတင်းလည်း ဆောက်တည်ကြမယ်၊ပါပညစ်ကျူးမကောင်းမှုအစုစုကိုလည်းကြဉ်ရှောင် ကြမယ်၊ အလ္လာဟ်အရှင်မြတ် နှစ်သက်မြတ်နိုးသည်များကိုသာလျှင် အစစ အရာရာတွင် ရှေ့ရှု ကြမယ်။ အလ္လာဟ်အရှင်မြတ်မနှစ်သက်တော်မူသော အရာများကို ဝေးစွာရှောင်ရှားကြမယ်။
တစ်ရက်မဟုတ်၊ ရက်သတ္တပါတ် မဟုတ်၊ တစ်လတိတိဒီကဲ့သို့ ကုသိုလ်တရားပွားများကြမည်ဆိုရင် ဒီသူတွေဟာ တကယ့်သူတော်စင် တွေပဲ။
-
ဒီသူတော်စင်တွေကို သူငါ အများ ကြညိုမြတ်နိုးကြမယ်။ “လူသာဓု၊ နတ်သာဓု”ခေါ် ကြမှာပဲ။ ဒီကဲ့သို့ သောသူတော်စင်တွေဟာမိမိတို့ကိုယ်တိုင်ကာယသုခ၊ စိတ္တသုခ နှင့်ပြည့်ဝ ကြသည်သာမကမိမိတို့၏ပတ်ဝန်းကျင်ကြီးတစ်ခုလုံး ကိုလည်းကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာအောင် ပြုလုပ်ကြမှာပဲ။ ဒီသူတော်စင်တွေဟာ နှစ်ဘ၀၏ သုခကိုလည်း အတိုင်းမသိ ခံစား ကြရမှာပဲ။
-
လူသားတို့၏သီလများသည်(အလ္လာဟ်အရှင်မြတ်ထံတော်၌) တိုးပွားသည် သာဖြစ်၏။ ကောင်းမှု(၁)ခုသည် (၁၀)ဆမှ အဆပေါင်း (၇၀၀) အထိ တိုးပွားပေတယ်။ သို့ရာတွင် ဆွီယာမ် ဥပုသ် သည် ခပ်သိမ်းကုန်သော ကုသိုလ်များထက်ပင် ထူးခြားပေတယ်လို့ အလ္လာဟ်အရှင်မြတ်က မိန့်ကြားတော် မူတယ်။ အဘယ်ကြောင့်ဆိုသော် ထိုဥပုသ်သည် ငါအရှင်မြတ် အတွက်သာဖြစ်၏။ ထိုဥပုသ် ဆောက်တည်ခြင်း၏ ကုသိုလ် အကျိုးကိုလည်း ငါကိုယ်တော်တိုင်ပင်ပေးသနားတော်မူမည်။
(ဟဒီးဆ်)
-
အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်အဟုန်ကြောင့် သူတော်စင်များသည် “ရမဒွါန်”လမြတ်တစ်လလုံးဥပုသ်သီတင်း ဆောက်တည် နိုင်ခဲ့ ကြပြီး ဒုစရိုက်မှုများကိုကြဉ်ရှောင်နိုင်ခဲ့ကြပြီ၊ ကုသိုလ်တရားများကိုလည်း ပွားများနိုင်ခဲ့ကြပြီ။
-
ဒါပေမယ့် တာဝန် တစ်ခုကျန်ရှိနေပေသေးတယ်။ ထိုတာဝန်ကအခြားမဟုတ်ဘူးအလ္လာဟ်အရှင်မြတ်အားကျေးဇူးဆပ်သည့် အနေဖြင့် မရှိဆင်းရဲ သူတို့အား“ဖိသ်ွရဟ်”ခေါ်တဲ့အလှူဒါနပင်ဖြစ်တယ်။ အဲဒီ “ဖိသ်ွရဟ်” ခေါ်တဲ့အလှူဒါနမပြုသမျှ ကာလပတ်လုံး “ရမဒွါန်”လမြတ် တွင် မိမိတို့ကြိုးပမ်းပြုလုပ်ခဲ့သမျှသော ကုသိုလ်ကောင်းမှုများကို အလ္လာဟ် အရှင်မြတ် လက်ခံတော်မူမယ်မဟုတ်ဘူး။ ဒါကြောင့်မို့လို့ သူတော်စင် များဟာ ရှောင်ဝါလ်လဆန်း (၁) ရက်နေ့တွင် တရားတော် နှင့်အညီ မရှိ ဆင်းရဲသူတို့အား “ဖိသ်ွရဟ်” အလှူဒါနပြုကြ တယ်။ မိမိတို့ တစ်လတိတိ “သူတော်စင်သင်တန်း”တက်၍ အောင်မြင်ကြသဖြင့် ပျော်ရွှင်စွာ အောင်ပွဲ ကျင်းပကြတယ်။
-
ဒီတော့ ဒီပွဲတော်ဟာ သာသနာ့ သူပုန်၊သာသနာ့ သွေဖည်ရေးသမား၊ သာသနာ့တရားခံများရဲ့ ပွဲတော် မဟုတ်ဘူး။
-
ဒီပွဲတော်ဟာ ဆင်းရဲ ချမ်း သာမရွေး သူတော်စင်မှန်သမျှပါဝင် ဆင်နွှဲတဲ့ “သူတော်စင်များရဲ့ အောင်ပွဲကြီး”သာ ဖြစ်ပါတယ်။
-
မေးစရာတစ်ခုတော့ရှိပါတယ်။ ဒီအတိုင်းသာဆိုလျှင် “ရမဒွါန်” လမြတ်မှာ ဥပုသ်စောင့်တဲ့ မွတ်စ်လင်မ်တွေအားလုံးကို တကယ့် သူတော်စင်သူတော်ကောင်းကြီးတွေလို့ ချွင်းချက်မရှိ မှတ်တမ်းတင် ရုံပဲ။ ဒါပေမယ့် ဥပုသ်စောင့်ပြီး ဖောက်ပြန်နေတဲ့ မွတ်စ်လင်မ်တွေကိုလည်း အများအပြားတွေ့ရှိရတယ်။ ဒါကဘာသဘောလဲ။
-
ဒါက ဒီလိုပါ။ အလ္လာဟ်အရှင်မြတ်အား တကယ်ယုံကြည် မြတ်နိုး၍ တမန်တော်မုဟမ္မဒ်(ဆွ)ချမှတ်တော်မူခဲ့တဲ့လမ်းစဉ်များကို စိတ် စေတနာ ဖြူစင်စွာနဲ့ ဦးလည်မသုံလိုက်နာကျင့်သုံးပြီး ဥပုသ်ဆောက်တည်တဲ့ မွတ်စ်လင်မ်တွေကတော့ တကယ့်ကို သူတော်ကောင်းတွေဖြစ်ကြပါတယ်။ ဒါပေမယ့် အရေခြုံ ပြီး အယောင်ဆောင်ပေါများ တဲ့ ဒီဆုပ်ကပ် ခေတ်ကြီးမှာ အစ္စလာမ့် အရေခြုံ ပြီး ဖောက်ပြန်နေတဲ့ အချို့ဖောက်ပြန်ရေးသမားတွေ ရှိနေတာဟာ တကယ်တော့ မထူး ဆန်းပါဘူး။
-
သင်္ဂဇာဆရာတော်ဘုရားကြီးအမိန့်ရှိသလို မယ်သီလ(၄)မျိုးရှိတယ်။
“မယ်သီလ”၊
“မယ်သီလေ”၊
“မယ်သီလန်”၊
“မယ်သီလော”။
-
-“မယ်သီလ”ဆိုတာကရှစ်ပါးသီလစောင့်ထတစ်ဖြာဝိပဿနာနှင့် မေတ္တာ ကမ္မဋ္ဌာန်းစီးဖြန်းကြိုးကုတ်အားထုတ်တဲ့သီလရှင်က“မယ်သီလ”အစစ်။
-
-ကျောင်းမှာမမြဲ အတည်တကျမနေဘဲ ဟိုအရပ် ဒီအရပ် လှည့်ပတ်ပြီး အသပြာဆွမ်းဆံ အလှူခံတာက “မယ်သီလေ”။
- -တောင်ဇရပ်နှင့်မတည့်၊ မြောက်ဇရပ်လန်၊ မြောက်ဇရပ်နှင့်မတည့် တောင် ဇရပ်လန် အနေမမှန် ဇရပ်တိုင်းနှင့် တလန်တည်း လန်တာက “မယ်သီလန်”။
-
-တစ်ပါးသူမရှိခိုက် ဆန်လိုက်၍ခိုးပြီး မိမိအိုးထဲသို့ မရိုးသည့် သဘော ဆန်ကို ရောတာက “မယ်သီလော”။
-
“မယ်သီလ”တွေထဲမှာ “မယ်သီလေ”၊ “မယ်သီလန်”၊ “မယ်သီလော” တွေ ရှိသလို
-“မွတ်စ်လင်မ်”တွေထဲမှာလည်း
“မွတ်စ်လေ”၊
“မွတ်စ်လန်”၊
“မွတ်စ်လော”တွေရှိကြတယ်။
ဒါပေမဲ့ “မွတ်စ်လင်မ်” ကတော့ “မွတ်စ်လင်မ်”ပဲ။
“မယ်သီလ”က “မယ်သီလ”ပဲ။
“မယ်သီလ” အစစ်ဟာ “သီလရှင်” ဖြစ်သကဲ့သို့ “မွတ်စ်လင်မ်”အစစ်ဟာလည်း “သူတော်စင်”ပဲ ဖြစ်တယ်။
-
ဒါကြောင့် …
(၁) ဘာသာ သာသနာကို ရိုသေကိုင်းရှိုင်းကြပါ။
(၂) သီလရှင်သူတော်စင်ဖြစ်ကြပါ။
(၃) သူတော်ကောင်း တရားပွားများ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့်သာသနာ့အောင်ပွဲဆင်နွှဲကြပါဟုမေတ္တရပ်ပါတယ်။
(ဃာဇီမုဟမ္မဒ်ဟာရှင်မ်)
အတွင်းရေးမှူးချုပ်
ပြည်ထောင်စုမြန်မာနိုင်ငံတော်အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ် ၁၉၅၆ခုနှစ် ၊မေလ ၊ ( ၁၁ ) ရက်
Filed under: Articles - ဆောင်းပါး, News - သတင်း, Notes - မှတ်စု, Specail - အထူး
